Powered By Blogger

Tuesday, July 14, 2020


ဆင်ဖြူများရှင်
===========
အင်းဝနေပြည်တော်တွင် မြို့တော်၏ အနောက်ခြမ်း ဧရာဝတီမြစ်ကြီးအနီးတွင် ဆင်ကျုံးတစ်ခု အခိုင်အမာ ရှိခဲ့ဖူးသည်။ ဘကြီးတော်ဘုရားလက်ထက်က အင်းဝဆင်ကျုံးတွင် ဆင်များကို ကျုံးတွင်းသွင်းကာ ယဉ်ကျေးအောင် လေ့ကျင့်ကြခြင်းကို ဘုရင်နှင့် အတူ အင်းဝမြို့တော်သူ မြို့တော်သားအပေါင်းက တခမ်းတနား ကြည့်ရှုကြသည်။ ဆင်ဖမ်းပွဲ၊ ဆင်ယဉ်ကျေးအောင် လေ့ကျင့်သောပွဲ(၀ါ)ဆင်ပွဲကို ဘုရင်ကလည်း နောက်ပါ အချွေအရံများနှင့် တပ်တော်ဝင်း ခင်းကျင်း၍ ကြည့်ရှုသကဲ့သို့ မြို့တော်သူ မြို့တော်သားတွေကလည်း ထမင်းဟင်းများ ထုပ်ပိုးယူဆောင်၍ပင် စည်စည်ကားကား တိုးတိုးဝှေ့ဝှေ့ အုတ်အော်သောင်းတင်း ကြည့်ရှုကြသည်ဟု ဆို၏။ “ဆင်ပွဲမှာ ပုဝါပျောက်သလို” ... ဟူသော ဆိုရိုးစကားမှာလည်း ထိုဆင်ပွဲများမှ ပေါ်ထွက်သုံးနှုန်းကြပုံရသည်။ ဤရွေ့ဤမျှ လူထောင်သောင်းချီ တိုးဝှေ့စည်ကားသောပွဲ၌ သူသူငါငါမှာ ဦးခေါင်းထက်မှ ပုဝါကို ချွတ်၍ ဝှေ့ယမ်း အားပေးကြရာတွင် ပုဝါပျောက်ခြင်းမှာ မဆန်းသကဲ့သို့၊ ပြန်ရှာ၍လည်း မိမိပုဝါကို ရနိုင်ဖို့ လမ်းမမြင်တော့ကြောင်း ဆိုရိုးပြုပုံရ သည်။
အင်းဝမြို့ပြင်၌ရှိသော ဆင်ကျုံးအတွင်းသို့ လေ့ကျင့်ထားသော ဆင်များ ခြံရံကာ ဆင်ရိုင်းများကို မောင်းသွင်းလာသတဲ့။ ဆင်ကျုံးက အင်းဝအောက်ဖက် တစ်မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းပေါ်ရှိသည်။ ဆင်ကျုံးကလေး ထောင့်စပ်စပ်ဖြစ်ပြီး ဘေး ပတ်လည်တွင် ကျွန်းတိုင်လုံးကြီးများကို နှစ်ထပ်စိုက်ထားသည့်ဝန်းဖြစ်သည်။ ကျွန်းတိုင်လုံး သစ်ထပ်၊ နှစ်ထပ်ကြားတွင် အထူပေ နှစ်ဆယ်၊ အမြင့်ဆယ့်လေးပေရှိသော အုတ်ခုံကြီးရှိသည်။ ထောင်ချီရှိသော ပရိသတ်က ထိုအုတ်ခုံကြီးပေါ်က ဆင်ကျုံးသွင်းသည် ကို ကြည့်ကြသည်။ ရှင်ဘုရင်က ဆင်ပွဲသို့ စီးတော်ဆင်နှင့် ကြွချီလာသည်။ ကိုယ်တော်တိုင် ရွှေနှင့် ကျောက်မျက်ရတနာများ စီခြယ်ထားသည့် ချွန်းကို ကိုင်ကာ စီးတော်ဆင်နှင့် ကြွချီရာတွင် အခြွေအရံမင်းညီမင်းသား၊ မှူးမတ်သေနာပတိနှင့် သေနတ်ကိုင်၊ လှံကိုင်စစ်သည် ရာပေါင်းများစွာက ခြံရံလာသည်ဆို၏။ ဆင်ကျုံးထိပ်တွင် ဘုရင်နှင့် အချွေအရံများအတွက် ယာယီစံနန်းတော် လည်း ဆောက်လုပ်ထားသတဲ့။
ထူးခြားသည်က ဆင်ပွဲသို့ အမျိုးသမီးများ လာရောက်ခွင့်မရှိဘူးတဲ့။ အင်းဝရွှေမြို့တော်မှာ ရှင်ဘုရင်ပိုင်ဆိုင်သော ဆင်ကောင် ရေက တစ်ထောင်ခန့်ပင်ရှိသည်။ ဆင်ထီးများကို ယဉ်ပါးအောင် ဆင်ထိန်းများက လေ့ကျင့်ပေးထားသည်။ ဆင်မများကိုတော့ တောထဲလွှတ်ထားသည်။ ဆင်မအုပ်အတွင်း ဆင်ရိုင်းတစ်ကောင်တစ်လေမှအစ၊ ရောက်လာလျှင်ပင်၊ ထိုဆင်ရိုင်းနှင့် ဆင်မအုပ် ကို အင်းဝရှိ ဆင်ကျုံးထဲ မောင်းသွင်းကြသည်။ ဆင်ကျုံးတွင်း ရောက်မှ ဆင်ရိုင်းကို လေ့ကျင့်ပေးသည်။ ဆင်ရိုင်းက လာလမ်း အတိုင်း တောတွင်းပြန်ရန် ကြိုးစားလိုက်၊ ဆင်မအုပ်နှင့် ဆင်ယဉ်များက ဆင်ထိန်းများအကူနှင့် ကျုံးထဲသွင်းလိုက်၊ ပရိသတ်က ညာသံပေးလိုက်၊ ဆင်ရိုင်းမှ ဆင်အုပ်မှ ကျွံ၍ လူအုပ်ဘက် ဦးတည်လာလျှင်၊ ပရိသတ်က အလန့်တကြား ပြေးလွှားလိုက်၊ ဆင်ရိုင်းက ဆင်ကျုံးထဲ သောချာပေါက်ရောက်သွားလျှင် ပရိသတ်က ခေါင်းပေါင်းများချွတ်၍ အားရ၀မ်းသာ ဝှေ့ရမ်းအားပေး လိုက် ...။ ဤသို့ဖြင့် ဆင်ပွဲမှာ ရင်လှိုက်ဖိုဖွယ်၊ ပျော်ရွှင်ကြည်နူးဖွယ် “ရသ” များနှင့် စည်ကားသော ပွဲတော်ကြီးဖြစ်ခဲ့ပုံရသည်။
ဆင်ရိုင်းက ကျုံးထဲဝင်သွားသည်နှင့် မျှားခေါ်လာခဲ့သော ဆင်မအုပ်ကြီးက သူ့ကို ထားရစ်ကာ ပြန်ထွက်သွားသည်။ ဆင်ရိုင်း မှာလည်း မာန်ကျမောပန်းနေပြီ။ ပင်ပန်းလွန်းလို့ နှာတဖူးဖူးမှုတ်ကာ စိတ်ဆိုးနေပြီ။ ပရိသတ်ကလည်း ဆင်ရိုင်းအပြုအမူကို စောင့်ကြည့်စိတ်ဝင်စားနေပြီ။ ပရိသတ်ကလည်း ဆင်ရိုင်းအပြုအမူကို စောင့်ကြည့် စိတ်ဝင်စားနေကြပြီ။ ခဏအမောဖြေပြီး ဆင်ရိုင်းကြီးက ဒေါသအထွဋ်အထိပ် ရောက်ကာ မြင်မြင်သမျှ တိုက်ခိုက်တော့သည်။ တစ်ခါတစ်ရံ ဆင်ထိန်းသမားတွေဆီ ဦးတည် တိုက်ခိုက်တတ်သည်။ မလိမ်္မာ မကျွမ်းကျင်သော ဆင်ထိန်းသည် ဒေါသကြီးသော ဆင်ရိုင်းကြီး၏ ခြေဖ၀ါးအောက် ယပ်တောင် တစ်ချက်လို ပြားပြားကပ်မျှ အနင်းခြေခံရတာမျိုးလည်း ရှိသည်။ တစ်ခါတစ်ရံ ဒေါသကြီးလွန်းသော ဆင်ရိုင်းကို ချွန်းအုပ်၍ ထိန်းသိမ်းရလွန်းလို့ ဦးကင်းတွင် သွေးစိမ်းရွှင်ရွှင်နှင့် အားအင်ကုန်ခမ်း အသက်ပျောက်သွားသည့် ဆင်ရိုင်းများလည်း ရှိသည်။ အများအားဖြင့်မူ ရုန်းကန်မှုများအောက်တွင် နောက်ဆုံးလက်လျှော့အရှုံးပေးကာ ဆင်ထိန်း၏ ထူးခတ်ခြင်းခံလိုက်ရပြီး ဆင်ကျုံး အတွင်း တစ်နှစ်နီးပါး အကျဉ်းကျခံရကာ ဆင်ထိန်းပြုသမျှ လိုက်နာသွားပြီး အရိုင်းစိတ်လုံးလုံး ကုန်ချိန် ဘုရင့်ဆင်အုပ်အတွင်း နောက်တိုးဆင်တစ်ကောင်အဖြစ် စာရင်းသွင်းတော့သည်။
ဤသို့ဖြင့် ရှင်ဘုရင်ပိုင်ဆိုင်သော ဆင်ကောင်ရေက ထောင်ချီလာသည်။ ဤသို့သော ထောင်ချီရှိသည့် ဘုရင့်ဆင်တော်များတွင် အမွှေးဖြူယောင်သမ်းသော ဆင်ဖြူ တစ်ကောင်တစ်လေ ပါလာလျှင် ဆင်ဖြူတော်အဖြစ် သတ်မှတ်ပြီး ရှင်ဘုရင်နှင့် တိုင်းပြည်အတွက် ထူးခြားမြင့်မြတ်သော လက်ဆောင်မွန်အဖြစ် ကံကောင်းစွာ ရရှိသည်ဟု ယုံကြည်ခဲ့ကြသည်မှာလည်း ရှေးမင်းအဆက်ဆက်က ဖြစ်သည်။ အင်းဝမှသည် အမရပူရရောက်တော့ ပထမ အမရပူရမြို့တည် နန်းတည် ဘိုးတော်ဘုရားမှာ ထူးခြားစွာ ဆင်ဖြူတော်များ ပိုင်ဆိုင်ခဲ့သည့် ရှင်ဘုရင်ဖြစ်၏။ အမရပူရ၌ ထီးနန်းစိုက်စဉ် ၁၁၄၆ ခုနှစ်၊ နယုန်လတွင် မြို့သစ်တောရပ်မှ “ဥပေါ်ပြောင်မွန်” ဘွဲ့ပေးသည့် ဆင်ဖြူကို ရရှိခဲ့သည်။ ထိုနှစ် တပို့တွဲလမှာ “ရတနာပြောင်မွန်“ ဆင်ဖြူတစ်ကောင် ထပ်မံရရှိပြန်၏။ ထို့နောက် ပဲခူးနယ် နိဗ်္ဗာန်ရွာက ဆင်ဖြူတစ်စီးရပြန်သည်။ “နိဗ်္ဗာန ပစ်္စယ နာဂရာဇာ” ဘွဲ့ပေးခံရသည့် ဆင်ဖြူဖြစ်သည်။ ဤသို့ဖြင့် ဘိုးတော် ဘုရားမှာ ဆင်ဖြူ ၉စီးပိုင်ဆိုင်ခဲ့သဖြင့် ““သီရိပ၀ရ ၀ိဇယနန်္တယသတြိဘ၀ နာဒိတျာ ဓိပတိ ပဏ္ဍိတ မဟာဓမ်္မရာဇာ”” ဟူသော ဘွဲ့ရှည်ကြီးကိုလည်း ခံယူတော်မူသည်။

No comments:

Post a Comment