အချစ်ဓာတ်သွေးဖြင့် ကလာလရေကြည်တည်၍ လူဖြစ်သော သူတို့သည် လင်နှင့်မယားဘဝ၌ အစွမ်းကုန်ချစ်ရေးပြပါသော်လည်း ချစ်သွေးကုန် အချစ်ပါပဲဟု မည်သူမျှအားရခြင်း မရှိသောကြောင့် ပညာဥာဏ်ကင်းမဲ့သော သူတို့သည် မိုက်မဲသောအမူကို ပြုတတ်ကြကုန်ရာ ၄င်းတို့ပြုလုပ်သော မကောင်းမှုတို့သည် ဘူးပေါ်သကဲ့သို့ မကြာမီပင် ပေါ်ပေါက်၍လာတတ်ကြကုန်၏။ သို့သော်လည်း အသိအလိမ္မာရှိ၍ ဥာဏ်ပညာနှင့်ပြည့်စုံသူတို့ကား မိမိတို့၏ဥာဏ်ကို ကောင်းသောနေရာတို့၌ မသုံးမူ၍ မကောင်းသောအရာဌာနတို့၌ သုံးစွဲချေက လူတို့၏ အကျိုးကို မည်မျှလောက် ဆုတ်ယုတ်စေသည်ကို အထူးပြောဖွယ်ရာ မရှိတော့ချေ။ ထိုကဲ့သို့သော လူမျိုးသည် ယခုခေတ်အခါတွင် တစ်နည်းအားဖြင့် တန်ခိုးအာဏာရှိ၍ ၄င်းနှင့် သိကျွမ်းသမျှသောသူတို့၏ ကြောက်ရွံ့ရိုသေခြင်းကို ခံရ၏။ လူများ၏အပေါ်တွင် သြဇာတိက္ကမ မရှိ၍ တပည့်လက်သားတို့မှာ ၄င်းအား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြရကုန်၏။အချို့သော မင်းစိုးရာဇာ အစိုးရအရာရှိများပင်လျှင် ၄င်းအား ပေါင်းသင်းတတ်ကုန်၏။ ပုလိပ်အရာရှိများလည်း ထိုသူကို မှီလျှင် မိမိတို့အလိုရှိသော သတင်းစကားများကိုလည်းကောင်း မျှော်လင့်ဖွယ်ရှိသော လာဘ်သပ်ပကာတို့ကိုလည်းကောင်း ရည်မှန်းကာ ဆက်ဆံတတ်ကြကုန်၏။ သို့ဖြစ်၍ ထိုလူမျိုးသည် ယခုခေတ်ကြီး၌ အထက်တန်းကျသော လူကြီးလူကောင်းတစ်ယောက်အနေဖြင့် မည်သည့်နေရာမျိုးမဆို သွားလာ ဝင်ထွက်နိုင်လေသည်။
အထက်တန်းရှေ့နေ မောင်သန်းရွှေသည် အထက်စာပိုဒ်တွင် ရေးသားဖော်ပြခဲ့သော လူမျိုးထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ရကား၊ ၄င်း၏ ဂုဏ်သတင်းမှာ မြို့ပေါ်၌သာမက၊ တောကျေးလက်များ၌ပင် ပြန့်နှံ့လျက် လူသိအများဆုံးသော ရှေ့နေတစ်ယောက်ဖြစ်လေသည်။ အလွန်ထင်ရှားသော လူသတ်မှုကြီးများ၌လည်းကောင်း၊ ကြီးကျယ်သော ဓားပြတိုက်မှုများ၌လည်းကောင်း၊ ရှုပ်ထွေးသောအမှုများ၌လည်းကောင်း၊ အပြစ်မရှိသောလူတစ်ယောက်အား ရက်ရက်စက်စက် စွပ်စွဲမှုများ၌လည်းကောင်း ကိုသန်းရွှေကို မငှါးလျှင် မပြီးသလောက်ပင် ရှိနေခဲ့လေသည်။ ဤကဲ့သို့ ၄င်းအား ငှါးရမ်းကြခြင်းမှာ ဦးသန်းရွှေသည် ဥပဒေအချက်အလက်တို့၌လည်းကောင်း၊ သက်သေများကို မေးခွန်းထုတ်ရာတို့၌လည်းကောင်း၊ စကားအပြောအဆို အလှည့်အပဲ့၌လည်းကောင်း၊ လျှောက်လဲရာ၌လည်းကောင်း အခြားသူများထက် တော်လှ၍မဟုတ်ချေ။ ၄င်း၏ အတွင်းဓာတ်ခံဖြစ်သော ကလိန်ဥာဏ်နှင့်တကွ အပေါင်းအသင်းဆန့်သည်ဆိုသော ဂုဏ်သတင်းကြောင့်ဖြစ်လေသည်။ ဦးသန်းရွှေ လိုက်သောအမှုများမှာလည်း အများအားဖြင့် အောင်နိုင်သည်သာလျှင် များခဲ့၏။
အချို့သော ရှေ့နေ၊ ရှေ့ရပ်တို့မှာ အလုပ်အကိုင် အဆင်မပြတ်အလျင်မီရုံမျှကိုပင် အတော်ပင် အားခဲ၍ လုပ်ကိုင်နေကြရသည် မှန်သော်လည်း ဦးသန်းရွှေမှာမူ (၂၀ကျပ်- ၂၅ကျပ်)မျှရသော အမှုကလေးများကို မိမိ၏လက်အောက် ရှေ့နေကလေးများအား ခွဲခြမ်းဝေငှ၍ပင် ပေးနိုင်ခဲ့၏။ သို့ဖြစ်၍ ဦးသန်းရွှေမှာ ဝင်ငွေကောင်းရုံမျှသာ မဟုတ်ဘဲ၊ ငွေကြေးလည်း အတော်ရသော ရှေ့နေတစ်ယောက် ဖြစ်လေသည်။ ဦးသန်းရွှေမှာ ရှေ့နေအလုပ်၌သာ ကျော်ကြားခဲ့သည်မဟုတ်သေးဘဲ မြို့ပေါ်ရှိ အသင်းအပင်းများ၊ ဒေသန္တရအဖွဲ့၊ မြူနီစီပါယ်အဖွဲ့၊ ကိုယ်လက်ကျန်းမာရေးအဖွဲ့၊ ကလေးသူငယ်များစောင့်ရှောက်ရေးအဖွဲ့ စသောအဖွဲ့များ၌လည်း လူကြီးတစ်ယောက်အဖြစ်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်သာ များခဲ့ရကား၊ မြို့ပေါ်တွင် မည်သည့် 'ဒင်းနားပါတီ' 'တီးပါတီ' မဆို ဦးသန်းရွှေ ကို မဖိတ်ကြားသည်ဟူ၍ မရှိ၊ ရှေ့ဆုံးတန်းမှ ဖိတ်ကြားလျက် သာရေး၊နာရေး၊ ရပ်မှု၊ ရွာမှုတို့၌လည်း ရှေ့ဆောင်ရှေ့ရွက်အဖြစ်ဖြင့် ဆောင်ရွက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။
တစ်နေ့သ၌ မောင်သန်းရွှေသည် ၄င်း၏ အလုပ်တိုက်တွင် ထိုင်ကာ မိမိ၏ဝင်ငွေလမ်းဖြောင့်ပုံများနှင့်တကွ တစ်နေ့ထက်တစ်နေ့ ဂုဏ်သတင်းများတိုးတက်၍ လာပုံကို စဉ်းစားလျက် "ဪ...လောကကြီး၊လောကကြီး၊ ငွေရှိလျှင် အရာရာပြီးနိုင်တာပဲ။ ဘယ်လောက်ပဲ မကောင်းတာလုပ်လုပ်၊ ငွေနဲ့အုပ်လိုက်ရင် လုံခြုံပြီးသွားတော့တာပဲ။ ငွေဆိုတာ ယခုကာလမှာ ပညာနဲ့ရှာဖို့တော့ ရနိုင်ဖို့ အခဲယဉ်းသားကလား။ အရာရာမှာ မိမိရဲ့ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုပြီး ဘယ်အမှုမှာ ဘယ်လိုညှစ်၊ ဘယ်သူ့ကို ဘယ်လိုခြောက်၊ ဘယ်သူ့ကို ဘယ်လိုမြှောက်ဆိုတဲ့ အညှာကို သုံးမှဖြင့် ကိုယ်လိုချင်တာ လုံးလုံးပါလာနိုင်တာပဲနော်။ ကြည့်ပါလား မြို့ပေါ်မှာ အမှုကြီးကြီးကျယ်ကျယ် ရှုပ်ရှုပ်ထွေးထွေးဖြစ်လာရင် ဘယ်ဝတ်လုံပဲ ဘယ်လောက်တော်တော်၊ သန်းရွှေကို မခေါ်ရင် ကိစ္စမပြီးသေးဘူး။ ဒီဟာ ဘာပြုလို့လဲ၊ ဥပဒေအရာမှာ ကိုယ်က ဒီလောက်တော်လှလို့ မဟုတ်ဘူး။ လုပ်တဲ့ ကိုင်တဲ့နေရာမှာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူများထက် ရွတ်ရွတ်ချွန်ချွန် လုပ်တတ်တယ်။ ကြံတဲ့စည်တဲ့ နေရာမှာလည်း သူများထက် ထက်ထက်မြက်မြက် ပိုပြီး ကြံဝံ့ စည်ဝံ့တယ်။ ဒီလိုမှ ငွေရပေါက် ချောင်တာကလား။ ရိုးရိုးသားသား အလုပ်လုပ်ပြီး ခပ်ကုပ်ကုပ်နေမှဖြင့် လူအ, လူနုံထင်ပြီး ဘယ်သူမှ အဖက်လုပ်တော့မှာ မဟုတ်ဘူး။ အခုတော့ ဦီးသန်းရွှေ ဟိုအဖွဲ့မှာ မင်းသားလုပ်ပါဦး၊ ဒီအဖွဲ့မှာ စက္ကရီတေရီ လုပ်ပါဦး၊ ဒီအသင်းမှာ 'ပေတရွန်' နေရာက ဆောင်ရွက်ပါနဲ့၊ လာလိုက်ကြတာကလဲ မကြာမကြာပဲ။ ဒီဟာတွေ အသာထားပြီး မင်း တိုင်ပင် လုပ်ပါလား လို့ ပြောသူကမရှား၊ အခုနှယ်အခါများဖြင့် စိတ်သွားတိုင်း ကိုယ်ပါသလို ဖြစ်နေတော့တာပဲ" ဟု ထိန်လင်းစွာ ထွန်းညှိ၍ထားသော ဓာတ်မီးရောင်အောက်တွင် ခမ်းနားစွာ ပြင်ဆင်ထားသော အိမ်ထောင်မှု ပရိဘောဂများကို တစိမ့်စိမ့်ကြည့်ရှုရင်း စိတ်ကူးလျက်ရှိလေ၏။
ထိုအချိန်မှာ ၁၀နာရီ ထိုးလုပြီဖြစ်၍ အတော်ပင် တိတ်ဆိတ်လျက်ရှိလေရာ၊ မိုးပေါက်ကလေးများသည် တဖြောက်ဖြောက်ကျလျက် ရှိလေ၏။ ကမ်းနားဘက်ဆီမှ တစ်ခါတစ်ခါ လေညင်းကလေးများ သုတ်လိုက်သဖြင့် မောင်သန်းရွှေသည် ပန်ကာကို ပိတ်လိုက်ပြီးနောက် ငွေစီးကရက်ဘူးထဲမှ 'အီဂျစ်ရှင်း' စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိလေ၏။ မောင်သန်းရွှေမှာ အသက် ၄၀ မျှ ရှိပြီဖြစ်သော်လည်း ပျော်ပျော်ရွှင်ရွှင် နေတတ်သော သူတို့၏ ရုပ်လက္ခဏာမှာ အခြားအရွယ်တူသောသူများထက် များစွာ နုပျိုတတ်မြဲ ဖြစ်ရကား၊ ခေါင်းပေါင်း အုပ်ပေါင်းကို ချွတ်၍ ဘိုဆံထောက်ကို သပ်ရပ်စွာ ဖီးလိမ်း၍ ထားသောအခါများ၌မူ ကောလိပ်ကျောင်းသား တစ်ယောက်ကဲ့သို့ပင် မှတ်ထင်ဖွယ်ရှိ၏။
မောင်သန်းရွှေသည် မိမိထိုင်သော ကုလားထိုင်နှင့် မျက်နှာချင်းဆိုင် ကိုယ်လုံးပေါ်မှန်ထဲတွင် မိမိကိုယ်ကို အရိပ်ကြည့်ခါ ဘိုဆံထောက်ကို နောက်သို့ပြန်၍ တစ်ချက်နှစ်ချက်မျှ ဖြည်းညင်းစွာ သပ်ပြီးနောက် စီးကရက်ကို နှစ်ချက်၊ သုံးချက်မျှ ပြင်းစွာရှုလိုက်ပြီးလျှင် စီးကရက်တိုကို လမ်းဘက်သို့ ပစ်လိုက်လေ၏။ ထိုခဏ၌ တူးဆီတာကားကလေးတစ်စီးသည် အိမ်ရှေ့သို့ ဖြည်းညင်းစွာ ဆိုက်လာပြီးနောက်၊ သားမွေးကုတ်အင်္ကျီကြီးကို ဝတ်၍ထားသော မိန်းမတစ်ယောက်သည် ကားပေါ်မှာ ဆင်းလာပြီး မောင်သန်းရွှေ၏ ကြေးဆိုင်းဘုတ်ကို လက်နှိပ်ဓာတ်မီးဖြင့် တစ်ချက်မျှ ထိုးကြည့်ပြီးနောက် အိမ်ထဲသို့ ဝင်လာလေ၏။ မောင်သန်းရွှေမှာ ၄င်းအား ကားပေါ်မှ ဆင်းစကပင် မြင်သော်လည်း မထင်ရှားသော လမ်းဓာတ်မီးရောင်တွင် ၄င်း၏ ရုပ်လက္ခဏာသည် ကောင်းစွာမသဲကွဲလှချေ။ အိမ်တွင်းသို့ ဝင်လာသောအခါ၌မူကား အတော်ပင် အထက်တန်းကျသော မိန်းမတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိ၏။ ၄င်းစီးလာသောကားမှာ ကိုယ်ပိုင်ကားကလေး ဖြစ်ဟန်ရှိ၏။ အဝတ်အစားတို့မှာလည်း နောက်ဆုံ 'ဖက်ရှင်' ဟု ဆိုလိုက်သော အဖိုးတန်အဝတ်အစားများဖြစ်၍ ၄င်း၏ အဝတ်အစားတို့မှာ ၄င်း၏ကိုယ်ဟန်အမူအရာနှင့် လိုက်လျောလှပေ၏။ အရွယ်မှာ ၃၅နှစ် ခန့်မျှ ရှိဟန်လက္ခဏာ ရှိသော်လည်း ဝတ်စားဆင်ယင်ထားပုံမှာ မြင်ရသူတို့အား ၂၀ကျော် မျှပင် ရှိဦးမည်ဟု အထင်မှားလောက်စရာ အကြောင်းကို ဖြစ်ပေါ်စေ၏။ ၄င်းမိန်းမသည် အိမ်တွင်းသို့ ဝင်လာသောအခါ သားမွေးအင်္ကျီကို ချွတ်လိုက်ပြီးနောက် မောင်သန်းရွှေ မျက်နှာကို တဟ်ချက်မျှကြည့်လိုက်ပြီးလျှင် အားနာလှသောအမူအရာဖြင့် " အမိန့်တော်ရမင်းကို ဒီအချိန်မှာ လာပြီးတိုင်ပင်ရတာ နှောင့်ယှက်ရာတော့ ကျပြီးနေပါပြီ၊ အမိန့်တော်ရမင်း ဦးသန်းရွှေ ဆိုတာ..."
"မှန်ပါတယ် ခင်ဗျာ၊ ကျွန်တော်ပါပဲ။ ကိစ္စအရေးကြီးရင် ဘယ်အချိန်မဆို ကျွန်တော့်ကို တိုင်ပင်နိုင်ပါတယ်"
"အရေးကြီးဆို ရန်ကုန်က လာခဲ့တာသာ ကြည့်ပေတော့ အမိန့်တော်ရမင်း"
"ဪ...ရန်ကုန်ကလား"
"ရုတ်တရက်ကြည့်တော့ အံ့သြစရာပေါ့ရှင်။ ရန်ကုန်မှာ ရှေ့နေရှားသမို့လားလို့ ပြောစရာရှိရဲ့။ နို့ပေမယ့် ကျွန်မကိစ္စက ရန်ကုန်ကလူတစ်စုံတစ်ယောက်ကိုမှ အသိပေးချင်တဲ့ ဆန္ဒမရှိဘူးရှင့်။ ပြီးတော့ အမိန့်တော်ရမင်း ဟာလဲ ထူးထူးဆန်းဆန်း ရှုပ်ရှုပ်ထွေးထွေး အမှုတွေမှာ နည်းပေးလမ်းပြ အင်မတန်ကောင်းတယ်။ ဆောင်ရွက်တဲ့ နေရာမှာလည်း ဖိဖိစီးစီးနဲ့ သဲသဲမဲမဲ ဆောင်ရွက်တယ်ဆိုတဲ့ ဂုဏ်သတင်းကြောင့် လာခဲ့ရင်း ဖြစ်ပါတယ် အမိန့်တော်ရမင်း ရှင့်"
"ဒီက တာဝန်ကိုတော့ စိတ်ချပါ၊ လိုတဲ့ ကိစ္စကိုသာ အမိန့်ရှိပါ ခင်ဗျာ"
"ကိစ္စက ခဲယဉ်းလှတဲ့ ကိစ္စတော့ဖြင့် မဟုတ်ပါဘူးရှင့်။ နို့ပေမယ့် အင်မတန် လျှို့ဝှက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်ပါတယ်"
"ဒါမျိုးမှ ဆောင်ရွက်ချင်တာပါပဲ၊ အမိန့်သာ ရှိပါတော့"
တောင်မြောက်လေးပါး ကြည့်ရှုပြီးနောက်-
"တစ်ယောက်တည်းပဲ မှတ်ပါတယ်"
"ကျွန်တော် တစ်ယောက်တည်းပါပဲ၊ အစေခံတစ်ယောက်တည်းသာ နောက်ဘေးမှာ ရှိပါတယ်။ တိုင်ပင်ချင်တာကို ဝမ်းထဲမှာ ရှိသလောက် စိတ်ချ လက်ချ တိုင်ပင်နိုင်ပါတယ်"
ကုလားထိုင်ကို မောင်သန်းရွှေ ဘက်သို့ အနည်းငယ် တိုးပြီး
"ကျွန်မက ရန်ကုန် ဝင်ဒါမီယာလမ်း(ယခု သံလွင်လမ်း) မှာ နေပါတယ်ရှင်။ ကျွန်မယောက်ျားက မစ္စတာမောရစ်ဆင်တဲ့ ဘိလပ်သားအစစ်ရှင့်။ အလုပ်ကတော့ ဘီအိုင်စီမှာ မိုင်းနင်းအင်ဂျင်နီယာ လုပ်ခဲ့ပါတယ်ရှင်။ နို့ပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ကောင်းကောင်းမမာတာနဲ့ တစ်နှစ်ခွင့်ယူပြီး ဒီကတည်းကစပြီး အလုပ်ကို ပြန်မဝင်နိုင်တာ အသက်သို့သာ တိုင်ပါရောရှင်။ နေဦးရှင်... သူဆုံးတာက ဧပြီလ ၁၄ရက် ဆိုတော့ ဒီနေ့က ၁လနှင့် ၁၇ရက် ရှိသွားပြီ"
စီးကရက်တစ်လိပ်ကို မီးညှိရင်း-
" ရန်ကုန်မှာပဲ ဆုံးသလား"
"မှန်ပါတယ် အမိန့်တော်ရမင်း ။ ဒါနဲ့သူ မဆုံခင် ၄လလောက်က သူ့ဝတ်လုံ မစ္စတာအောဘတ်ဆိုတဲ့ လူဆီမှာ သေတမ်းစာတစ်စောင် ရေးပစ်ခဲ့တယ်ဆိုတာ သိရတယ်"
"ဒီနောက်များကော အသစ်ထပ်ပြီး ရေးသေးလား"
" ဒီလိုတော့ မကြားဘူးရှင်။ ကျွန်မ သိရသလောက်တော့ ဒီတစ်စောင်ပါပဲ။ ကျွန်မရှေ့မှာပဲ စာအိပ်အပြာကြီးပေါ်မှာ သူ့လက်စွပ်နဲ့ ချိပ် တံဆိပ်တွေ နှိပ်ပြီး ယူသွားတာပဲ "
"ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ပြောစမ်းပါဦး၊ မစ္စက်မောရစ်ဆင်"
"ရန်ကုန်ပေါ်မှာ အငှါးချထားတဲ့ တိုက်က ၄လုံးရှိတယ်ရှင့်။ ကျွန်မတို့ အခုနေတဲ့အိမ်နဲ့ခြံက နှစ်သောင်းကျော်ကျော်လောက် တန်တယ်။ စာတိုက်မှာ စုပြီးထားတဲ့ငွေက ၁၃၀၀၀ကျပ် ရှိတယ်။ ဒီဟာတွေထက် အရေးကြီးတာက အင်္ဂလန်မှာ မန်ချက်စတာမြို့က ဘဏ်တိုက်မှာ အပ်ထားတဲ့ငွေက ၁၀၀၀၀ကျပ် နဲ့၊ သူ့မိန်းမကြီး နေတဲ့တိုက်က ၇၀၀၀ကျပ် လောက် တန်သတဲ့ အမိန့်တော်ရမင်းရဲ့။ ဒီတော့ အခု ကျွန်မ စိုးရိမ်ပြီးနေတဲ့အချက်က သူ့မိန်းမကြီးကို အားလုံးပစ္စည်းတွေ တစ်ဝက်ခွဲပြီး ပေးခဲ့ဖို့ သေတမ်းစာထဲမှာ အမှန်ရေးပစ်ခဲ့တယ်လို့ ကျွန်မ ထင်တယ်"
"ထင်ရတဲ့ အကြောင်းကကော ဘာကြောင့်"
"ဒီလိုကိုး အမိန့်တော်ရမင်းရဲ့၊ သူနဲ့ကျွန်မနဲ့ အကြောင်းပါတာ ၇နှစ် ရှိပြီ။ ဒီကတည်းက သူလဲ ဘိလပ်ကို တစ်ခေါက်မှ မပြန်ဘူး။ သို့သော် သူ့မယားကြီးအပေါ်မှာတော့ တယ်ပြီး စိတ်ပြတ်ဟန် လက္ခဏာ မရှိဘူး။ ဘာပြုလို့လဲဆိုတော့ မန်ချက်စတာဘဏ်တိုက်မှာ အပ်ပြီးထားတယ်ဆိုတဲ့ ငွေတစ်သောင်းဟာ သူသေရင် သူ့မယားကြီးကို အဆင်သင့်ပေးရန် နီးနီးကပ်ကပ် ထားခဲ့ဟန် လက္ခဏာရှိတယ်။ သူ့မယားကြီးနေတဲ့ အိမ်အတွက်နှင့် ဒီငွေတစ်သောင်းကို သူ့မယားကြီးကို ပေးချင် ပေးခဲ့တာ ကျွန်မမပြောလိုတော့ပါဘူးရှင်။ ဘိလပ်ကိုသွားပြီး တရားတွေ့လဲ မနေနိုင်ပါဘူး"
"ဘိလပ်ကအိမ်နဲ့ ဘဏ်မှာ အပ်ထားတဲ့ငွေတစ်သောင်းအပြင် မြန်မာနိုင်ငံမှာရှိတဲ့ ပစ္စည်းတွေကို ထိခိုက်မှာ ကျွန်မ အများကြီး စိုးရိမ်တယ်။ တစ်ဝက်များ ခွဲပြီးပေးရမယ်ဆိုရင်တော့ ကိုယ်ကျိုးနည်းရောပေါ့ အမိန့်တော်ရမင်း။ ပြီးတော့ စိုးရိမ်စရာအချက်တစ်ချက် ဖြစ်လာတာက သူ သေတမ်းစာမရေးခင် ၁၅ရက် လောက်က ကျွန်မတို့နှစ်ယောက် စကားအဆင်မသင့်ရာက စပြီး ကတောက်ကဆ ဖြစ်ကြတယ်ရှင့်။ ဒီတော့ ကျွန်မလည်း သူ့အပေါ်မှာ နိုင်နေကျဖြစ်တဲ့အတိုင်း ပြောတာဆိုတာ ဆူတာ ပူတာပေါ့ရှင်။ ဒီတော့ သူလည်း ဘာမှပြန်ပြီး မပြောရှာပါဘူး။ နိုပေမယ့် နောက်ဆုံးကျတော့ ကျွန်မ ပြောတာဆိုတာ မခံနိုင်လွန်းတာနဲ့ "ဒါဖြင့် ကောင်းပြီ မင်း ဒီလောက်တောင် ငါ့ကို ဆူဆူပူပူလုပ်ရင် ငါ့ရှိတဲ့ ပစ္စည်းတွေကို တစ်ဝက်ခွဲပြီး ဘိလပ်က မယားကြီးကိုပေးဖို့ သေတမ်းစာရေးခဲ့မယ်လို့ ပြောတာကိုးရှင့်။ ဒီတော့ ကျွန်မက ခုန်ပေါက်ပြီး တစ်ဝက်မကလို့ အကုန်လုံးပေးပေး နင့်ပစ္စည်းလောက်များ ငါက ဘာလုပ်ရဦးမှာလဲ၊ ဘာလဲလို့ ပြန်ပြောမိပါတယ်ရှင်။ ဒီလိုနဲ့ ကျွန်မတို့လည်း စကားများတဲ့နေ့ကစပြီး တစ်လလောက် တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်းနေကြတာကိုးရှင့်။ ဒီလိုနေတဲ့ အတောအတွင်းမှာ သေတမ်းစာရေးပြီး ဝတ်လုံကြီးကို အပ်လိုက်တော့ ကျွန်မ ပြောခဲ့တဲ့အတိုင်း ထင်စရာ ဖြစ်မလာပေဘူးလားရှင်"
"အင်း... ထင်မယ်ဆို ထင်စရာပလေ"
"ဒီတော့ ဘိလပ်မှာရှိတဲ့ အိမ်နဲ့ မန်ချက်စတာဘဏ်တိုက်မှာ အပ်ပြီးထားတယ်ဆိုတဲ့ ငွေကို အပထားပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်မ လက်ရှိ အကျိုးခံစားနေရတဲ့ငွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ရပေလိမ့်မယ် အမိန့်တော်ရမင်း "
"သေတမ်းစာက ဘယ်တော့ ဖွင့်ရမတဲ့လဲ"
"ဒါကတော့ သူ့မယားကြီး ဘိလပ်က ရောက်တဲ့အခါ ဖွင့်ဖို့ပေါ့ရှင်။ အခု ဇူလိုင်လ ၁၅ရက် နေ့ ဆိုက်မယ့်သင်္ဘောမှာ ပါလိမ့်မယ်တဲ့ရှင်။ ဒီတော့ ကျွန်မတို့က ဒီရက်မတိုင်ခင် ကိစ္စပြီးစီးအောင် ကြံစည်ကြရလိမ့်မယ်"
"ကိုင်း... ဒါဖြင့် ဘယ်လိုကြံစည်ချင်သလဲ၊ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောနော်။ အားနာစရာ ဘာမှ မရှိဘူး၊ အသစ်တစ်ခု လုပ်ထားချင်သလား"
အတန်ငယ်စဉ်းစားပြီးနောက်-
"အသစ်တစ်ခု လုပ်ထားပြန်ရင်လဲ ဝတ်လုံနဲ့ပူးပေါင်းပြီးကြံမှ ဖြစ်မှာကိုရှင့်။ ရက်စွဲကိုလည်း ပြင်ရဦးမယ်၊ တော်တော်ကြာတော့ ဘယ်ဟာကအရင်ကျတယ်၊ ဘယ်ဟာက နောက်ကျတယ်ဆိုတာ စစ်လား၊ကြောလားနဲ့ ဒီဟာက တယ်ပြီး သံသရာ ရှည်လှပါတယ်။ အမိန့်တော်ရမင်း တစ်ယောက်တည်းနှင့် တိုင်ပင်ဖို့ ကိစ္စပြီးရင်လဲ အကောင်းဆုံးပဲလို့ သဘောရပါတယ်"
"ကျွန်တော့်အတွက် စိတ်ချပါ၊ ဒီလို ကိစ္စမျိုးမှာ အသက်ပေးပြီး စွန့်ဝံ့ပါတယ်"
"နေရာကျလိုက်လေရှင်၊ ကျွန်မဖြင့် ဝမ်းသာလိုက်တာ၊ ကျွန်မကလဲ ကျွန်မ အသက်ကို အမိန့်တော်ရမင်း လက်ထဲ အပ်သလိုပဲ သဘောထားပါတော့ရှင်"
"ကိုင်း... ဒါဖြင့် ဘယ်လိုလုပ်ချင်သလဲ၊ ပြောပေတော့ မစ္စမောရစ်ဆင်"
"အသစ်တစ်ခုရေးပြီး မူလရေးတဲ့ သေတမ်းစာနဲ့ လဲယူချင်ပါတယ်ရှင်"
စီးကရက်တစ်လိပ်ကို မီးညှိပြီးလျှင် ဦးခေါင်းကို ညင်သာစွာ ညိတ်ပြီးနောက်-
"ဖြစ်နိုင်ကောင်းပါရဲ့ မစ္စမောရစ်ဆင်၊ နို့ပေမယ့် ခဲယဉ်းတော့ ခဲယဉ်းလိမ့်မယ်"
"ဒီလို ခဲခဲယဉ်းယဉ်း ကြံစည်ချင်လို့ အမိန့်တော်ရမင်း ဆီကို ကျွန်မ လာခဲ့တာပဲ မဟုတ်လား"
ထိုအချိန်၌ ပူနွေးသောကောဖီနှင့်မုန့်များ ရောက်၍လာလေရာ မောင်သန်းရွှေနှင့် အမှုသည်မကလေးတို့မှာ အအေးမှ ကာကွယ်ရန် မြိန်ရှက်စွာ စားယောက်ကြလေ၏။ ဗိုလ်ကတော် မစ္စမောရစ်ဆင်လည်း မိမိ၏ ငယ်နာမည်မှာ 'မသန်းတင်' ဟု ခေါ်ဝေါ်ကြောင်းနှင့် အခြားစကားများကိုပါ ထောက်၍ ပြောဆိုကြပြီးလျှင် ၄င်းတို့မှာ အလွန်ပင် စကားလက်ဆုံကျလျက် ရှိကြကုန်၏။
ကော်ဖီများသောက်ကြပြီးနောက် မောင်သန်းရွှေလည်း စီးကရက်တစ်လိပ်ကို မီးညှိလျက်" ဪ... ဒါနဲ့ ဘယ်မှာ တည်းမှာလဲ"
"ဒီက စကားပြောပြီးရင် မင်းကြီးကတော် မသန်းမြင့်တို့အိမ် သွားဖို့ပါပဲ"
မောင်သန်းရွှေမှာ ရှေ့နေခအတွက် အမှုသည်များနှင့်စကားပြော၌ အခြားသော ရှေ့နေများကဲ့သို့ အမှုလွယ်သည်၊ ခက်သည်ကိုလည်းကောင်း၊ ပုဒ်မကြီးသည် ငယ်သည်ကိုလည်းကောင်း၊ ပဓနာနမထားဘဲ အမှုငှါးရမ်းသူ၏ အခြေအနေနှင့် ၄င်း၏ဂုဏ်ကိုကြည့်၍ ပြောဆိုတတ်မြဲဖြစ်ရာ စကားပြောလျက်ရှိစဉ် ၄င်း၏အရိပ်အကဲနှင့်တကွ ပစ္စည်းများ၏တန်ဖိုးကို ခန့်မှန်းပြီး ဖြစ်လေသည်။ ဘိုကတော် မသန်းတင်လည်း အတန်ငယ်အေးသဖြင့် သားမွေးအင်္ကျီရှည်ကို ယခင်ကထက် တင်းကြပ်စွာလက်နှင့် ဆွဲပြီးနောက်-
"ဒီ ကိစ္စအတွက် အမိန့်တော်ရမင်း ဘယ်လောက်ထားမယ်ဆိုတာသာ အမိန့်ရှိပါတော့ရှင်"
"မသန်းတင်က စပြီးပြောတာ ကောင်းပါလိမ့်မယ်"
"အားမနာပါနဲ့ အမိန့်တော်ရမင်း၊ ကျွန်မက စပြီး မပြောပါရစေနဲ့"
"တစ်ယောက်နဲ့တစ်ယောက် ဒီလောက်နောင် ယုံကြည်ပြီး ခင်မင်လာကြတော့ 'ခုရှုပ်မှ နောင်ရှင်း' ဆိုသလို စကားကို ခပ်ပြတ်ပြတ် ပြောတာသာ ကောင်းတယ်ထင်ပါရဲ့"
"ကျွန်မ သဘောကျပါတယ်"
"၅၀၀၀ ကျပ်ထက် လျှော့ပြီး ကျွန်တော် လက်မခံနိုင်ဘူး"
"မများလွန်းဘူးလား အမိန့်တော်ရမင်း "
"ပစ္စည်းတွေနဲ့ စာလိုက်ရင် နည်းတယ်တောင် ဆိုထိုက်ပါတယ်။ ပြီးတော့လဲ ကိစ္စက အင်မတန်ခဲခဲယဉ်းယဉ်း ကြံစည်ရမယ့် ကိစ္စပါ"
"ဒီဟာတော့ မှန်ပါတယ်၊ သည်တော့ အမိန့်တော်ရမင်း ပြောတဲ့အတိုင်း ထားရမယ်ဆိုရင် စာချုပ်ချင်း လဲပြီးရသည်တိုင်အောင် ဆောင်ရွက်ပေးပါရှင်"
"ဘယ်လို ဆောင်ရွက်ပေးရမှာလဲ"
"ဒီဟာတော့ ကျွန်မ အခု မပြောနိုင်သေးဘူး၊ ရန်ကုန်ရောက်တဲ့အခါမှ သင့်သလိုကြည့်ပြီး စီမံရပါလိမ့်မယ်"
"ကောင်းပါပြီ၊ ဪ... ဒါထက် မသန်းတင်ယောက်ျားက သေတမ်းစာကို လက်နဲ့ရေးခဲ့သလား"
"မဟုတ်ဘူးရှင့်၊ တိုက်(ပ)နဲ့ရိုက်ပြီး လက်မှတ်ထိုးတယ်"
"ဒီလက်နှိပ်စက်ကော အိမ်မှာ ရှိသေးရဲ့လား"
"ရှိပါတယ် ရှင်"
"သူ ရေးထိုးနေကျ လက်မှန်တွေကော ရနိုင်ရဲ့နော်"
"ရနိုင်ပါတယ် ရှင်"
"စက္ကူအိတ် ချိပ်တံဆိပ်တွေကော ရဖို့ရန် မသန်းတင် တာဝန်နော်"
"အဆင်သင့် ရနိုင်ပါတယ် အမိန့်တော်ရမင်း "
"ကိုင်း... ဒါဖြင့် ဘယ်နေ့လောက် လာစေချင်သလဲ"
"ကျွန်မ ဆန္ဒကတော့ မြန်နိုင်သလောက် မြန်စေချင်တာပဲ"
"ဒီနေ့က သောကြာနေ့နော်"
"ဟုတ်ကဲ့"
"နက်ဖြန် အမှုတစ်ခုရှိတယ်ဆိုတော့ တနင်္ဂနွေနေ့ကို လာခဲ့မယ်လေ၊ ဟိုကျတော့ ကြည့်ပြီးစီမံကြတာပေါ့"
"ကောင်းပါပြီရှင်၊ ဪ... ဒါထက် ငွေအကြောင်းနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ အမိန့်တော်ရမင်း ပြောသလို 'ခုရှုပ်မှ နောင်ရှင်း' ဆိုတဲ့ စကားအတိုင်း အမိန့်တော်ရမင်းလည်း ယုံကြည်လေအောင် စရံငွေအဖြစ်နဲ့ ငွေတစ်ထောင် အခု ပေးခဲ့ပါတယ်။ ရန်ကုန်ကို ရောက်လို့ သေတမ်းစာအသစ်ဖြစ်အောင် ပြင်ဆင်ပြီးတဲ့အခါကျရင် ငွေတစ်ထောင်ပေးပါမယ်။ စာချုပ်ဟောင်းနဲ့လဲလို့ရတဲ့အခါမှာ ကျန်ငွေသုံးထောင်ကို ပေးပါ့မယ်။ ရှင်းပါရဲ့လားရှင်"
"နေပါဦး... ရန်ကုန်ရောက်လို့ စာချုပ်အတုကို လုပ်ကိုင်ပြီးစီးတဲ့အခါမှာ ငွေတစ်ထောင် ပေးမယ်ဆိုတာတော့ ဟုတ်ပါရဲ့။ နို့ပေမယ့် စာချုပ်ချင်းလဲလို့ရတဲ့အခါမှာ ဆိုတဲ့စကားက တကယ်လို့ မသန်းတင်ကိုယ်တိုင် လဲယူရရင်ကောဗျာ"
"အမိန့်တော်ရမင်း လက်နဲ့ကို စာချုပ်ချင်းလဲယူဖို့ ကျွန်မ ကြံစည်ပြီးသားပါ။ ဒီဟာတော့ စိတ်ချပါ အမိန့်တော်ရမင်း၊ ရန်ကုန်ရောက်တော့ အစီအစီအစဉ်ကို ကျွန်မ ပြောပြပါ့မယ်"
"ဒါဖြင့်လဲ ကောင်းပါပြီ"
"တနင်္ဂနွေနေ့ကိုနော်"
"စိတ်သာချပါ"
ထိုအခါ ဘိုကတော်မသန်းတင်သည် လက်ဆွဲသားရေအိတ်ကြီးကိုဖွင့်၍ တစ်လက်မသာသာခန့် ထူထဲသော ငွေစက္ကူအထပ်ကြီးထဲမှ တစ်ရာတန်ငွေစက္ကူ ဆယ်ချပ်ကို ဆွဲထုတ်ယူငင်ပြီးသော် မောင်သန်းရွှေ လက်ထဲသို့ ထည့်လိုက်လေ၏။ ၄င်းနောက် ၏ကိစ္စကို အထူးသဖြင့် လုံခြုံသည်ထက် လုံခြုံစေရန် စောင့်ရှောက်ပါမည့်အကြောင်းနှင့် မောင်သန်းရွှေအား အကြိမ်ကြိမ်ပြောပြီးသော် အလုပ်တိုက်ထဲမှ ထွက်သွားလေရာ မောင်သန်းရွှေလည်း ငွေစက္ကူများကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ပြီးလျှင် "အင်း တစ်ပွဲတော့ဖြင့် နွှဲလိုက်ရဦးမှာပဲ" ဟု မိမိကိုယ်ကို မိမိ ပြောဆိုဘိသကဲ့သို့ ပြောဆိုပြီးနောက် ငွေစက္ကူများကို မီးခံသေတ္တာကြီးထဲ၌ သိမ်းဆည်းလိုက်လေ၏။
မောင်သန်းရွှေမှာ ဤကိစ္စမျိုးနှင့်အလားတူ ကိစ္စများ၌ ယခင်က အကြိမ်ကြိမ်ပင် ဆောင်ရွက်ခဲ့ဖူးသည်မှန်သော်လည်း ယခုလက်တွေ့ဆောင်ရွက်ရမည်ဖြစ်သော ဘိုကတော်ကလေး၏ ကိစ္စမှာ သေတမ်းစာအသစ်တစ်ခုကို ပြုလုပ်စီမံရုံမျှမက မိမိကိုယ်တိုင်ပင်လျှင် အစစ်နှင့်အတုကို လဲလှယ်ယူရမည်ဆိုရာ၌ မသန်းတင်သည် မည်ကဲ့သို့ ပြုလုပ်စီမံမည်ကို သိလိုလှ၏။ ထို့ပြင်လည်း ဝတ်လုံကြီးများသည် ဤကဲ့သို့ အဖိုးတန်စာချုပ်ကြီးများကို သိမ်းဆည်း၍ထားရာ၌ တော်စွာ လျော်စွာထားရှိလိမ့်မည် မဟုတ်ချေ။ မီးခံသေတ္တာကြီးများထဲ၌သော်လည်းကောင်း၊ ဘဏ်တိုက်၌သော်လည်းကောင်း လုံခြုံစွာ သိမ်းဆည်း၍ ထားတန်ရာ၏။ သို့သော် မသန်းတင်မှာ သာမန်မိန်းမတစ်ယောက် မဟုတ်ချေ။ မိမိကဲ့သို့ မည်သည့်နေရာ၌မဆို ရက်ရက်စက်စက် ကြံဝံ့ စည်ဝံ့ ရှိလိမ့်မယ်ဟု ယုံကြည်မိ၏။ မသန်းတင် ပြောဆိုသွားချက်အရ မိမိကိုယ်တိုင်ပင် လုံခြုံသော နေရာတစ်ခုမှ လဲလှယ်၍ ယူရခြင်းမှာ အစိုးရအပြစ်ဒဏ် မကင်းရုံမျှမက အတော်ပင် စွန့်စားကြံစည်ရမည့် အလုပ်တစ်ခုဖြစ်ကြောင်း စဉ်းစားမိ၏။ မိမိကိုယ်တိုင်လည်း ဤအမှုမျိုးကို တစ်ခါဖူးမျှ မပြုလုပ်ဖူးသဖြင့် စဉ်းစား၍ ကြည့်လေလေ၊ ကြောက်ရွံ့ဖွယ်ကောင်းလေလေ ဖြစ်၍လာ၏။ သို့သော်တစ်ဖန် အမှုလိုက်ခြင်းအကြောင်းများနှင့်တကွ ငွေရေးကြေးရေး ကြပ်တည်းခြင်း၏ အကြောင်းများကို စဉ်းစားမိကြသောအခါ ငွေ ၁၀၀- ၂၀၀ ကျပ် ရသော အမှုများကိုပင် တစ်လကိုးသတင်း လိုက်၍နေရခြင်း၊ အမှုသည်များကို လိုက်ရောညီစွာ ပြုစုရခြင်း၊ သည်းခံရခြင်း စသည်တို့ကို ပြုလုပ်ရသဖြင့် ၄င်းတို့နှင့် နှိုင်းယဉ်သော် ယခုလက်ခံလိုက်သော ကိစ္စမှာ စွန့်စားပင်စွန့်စားရသော်လည်း လွယ်ကူသော ကိစ္စတစ်ခုဖြစ်ကြောင်းကို စဉ်းစားမိသောအခါ များစွာပင် ကျေနပ်လျက် ရှိပြန်၏။
၎င်းနောက် မောင်သန်းရွှေလည်း ဝီစကီကို ဖန်ခွက်ထဲ၌ လက်နှစ်ခန့်မျှ ထည့်ပြီးသော် နှစ်ခြိုက်စွာ သောက်လိုက်ပြီး တစ်ဖန် စီးကရက်တစ်လိပ်ကို မီးညှိပြန်ပြီးသော် စာအုပ်ဗီရိုကြီးထဲမှ လက်ရေးများကို နှိုင်းယဉ်ကြည့်ရှုခြင်းနှင့်၊ လက်မှတ်ရေးထိုးခြင်းအကြောင်း စာအုပ်ကို ထုတ်၍ ၁၅ မိနစ်မျှ ဖတ်ပြီးနောက် ကျေနပ်စွာ အိပ်ရာသို့ ဝင်လေ၏။ ထိုအချိန်၌ကား ၁၂ နာရီ ထိုးခဲ့လေပြီ။
ရှေ့နေမောင်သန်းရွှေ၏ ရိုက်ကြားလိုက်သော ကြေးနန်းအရ မစ္စက်မောရစ်ဆင်ခေါ် မသန်းတင်သည် ဆီဒန်းကားကလေးဖြင့် ရန်ကုန်ဘူတာကြီးသို့ လာရောက်ကြိုဆိုလျက် ရှိနေသည်ကို တွေ့ရလေ၏။ အတော်ပင် သာယာသော နံနက်ခင်းဖြစ်သဖြင့် မသန်းတင်လည်း ကားမောင်းသမားအား ပန်းဆိုးတန်းလမ်းမှ ဖြတ်၍ ဘုံဘေပျော်ပွဲစားရုံသို့ ခေတ္တမောင်းစေပြီးသော် တစ်ခုသောအခန်း၌ နံနက်ခင်းလက်ဖက်ရည်ကို သောက်သုံးရင်း အတော်ပင် စကားပြောဆို တိုင်ပင်ခွင့်ကို ရကြလေ၏။ ထိုအခါ မသန်းတင်မှာ မရမ်းရောင် စူလတီလုံချည်ကလေးကို ဝတ်ဆင်လျက် ဆံထုံးကိုလည်း ကဘိုကရိုပတ်လျက် ရှိသည်ဖြစ်ရာ ဤကဲ့သို့ နဂိုရုပ်အတိုင်း မြင်ရပြန်သောအခါ မသန်းတင်မှာ ဖီးလိမ်းဝတ်စား၍ ဘိုဆန်ဆန် ဝတ်စားထားသောအခါ၌သာ မဟုတ်။ နဂိုရုပ်အတိုင်းမှာပင် ချောမောလှပပေသည်ဟု မောင်သန်းရွှေလည်း ချီးမွမ်းမိ၏။
"အဆင်သင့်လိုက်လေခြင်း နက်ဖြန် ညဥ့် ၇ နာရီမှာ မစ္စတာအောဘတ်အိမ်က ကျွန်မကို ထမင်းစားဖို့ ဖိတ်ထားတယ်ရှင့်။ ဒီလို အချက်ကောင်းကြုံတဲ့အခါ ကျွန်မတို့အကြံကို တစ်ခါတည်း အထမြောက်အောင် ကြံလိုက်ဖို့ပဲရှင့်"
"ဘယ်လို စီမံထားသလဲ"
"ဒီမှာ သိပ်ပြီးကြာကြာ စကားပြောနေလို့ မကောင်းပါဘူးရှင့်၊ အိမ်ကျမှပဲ စိတ်ချက်လက်ချ တိုင်ပင်ကြပါစို့"
"ကောင်းပါတယ်၊ ဒါဖြင့်လဲ သွားကြပါစို့လေ"
ဝင်ဒါမီယာလမ်းရှိ မသန်းတင်နေသော အိမ်ကြီးမှာ အတော်ပင်ကျယ်ဝန်းသော ခြံကြီးတစ်ခုအတွင်း၌ ရှိ၍ ဆိတ်ငြိမ်သာယာသော အိမ်တစ်ဆောင်ဖြစ်၏။ မသန်းတင်မှာ ယောက်ျား ဆုံးပြီးနောက် အဒေါ်ဖြစ်သူတစ်ယောက်၊ အိမ်၌ခိုင်းစေ၍ထားသော လင်မယားနှစ်ယောက်တို့နှင့်အတူ ထိုအိမ်၌ပင် အခြေမပျက်နေထိုင်ခဲ့ရာ တိုက်လခနှင့် ဘဏ်တိုက်မှရသော အတိုးငွေများဖြင့် ခမ်းနားတင့်တယ်စွာ နေထိုင်နိုင်သော အခြေအနေကို ရရှိခဲ့လေသည်။ အိမ်သို့ရောက်သောအခါ အိမ်အပေါ်ထပ်တွင် အသင့်ပြင်ဆင်၍ထားသော အခန်းတစ်ခု၌ မောင်သန်းရွှေအား နေရာချထားလေ၏။
နံနက်စာ စားသောက်ကြပြီးနောက် မသန်းတင်သည် မောင်သန်းရွှေနှင့် မိမိ၏ အကြံအစည်ကို စိတ်အားထက်သန်စွာ တိုင်ပင်လျက် ရှိလေ၏။
"မစ္စတာအောဘတ်အိမ်ကတော့ ဒီလမ်းထဲမှာပဲ တယ်ပြီးမဝေးပါဘူး။ နက်ဖြန်ည ထမင်းစားဖိတ်တဲ့အခါမှာ ကျွန်မတို့ အကြံအစည်ကို ထမြောက်အောင် ကြံစည်ရလိမ့်မယ်"
"ဘယ်လိုကြံရမှာလဲ"
"အမိန့်တော်ရမင်းရဲ့ စာချုပ်ကိုလဲ အဆင်သင့်ပြီးပါစေနော်"
"ဒီဟာကတော့ ဒီကတာဝန်ပါ၊ မစ္စတာမောရစ်ဆင်ရဲ့ လက်မှတ်တွေကော"
"ဖိုင်တွဲနဲ့ တစ်ခုရနိုင်ပါတယ်"
"သူလက်မှတ်ထိုးရင် ဖောင်တိန်ကို သုံးသလား၊ ကလောင်တန်နဲ့ပဲ ထိုးသလား"
"ကလောင်တန်ကို အသုံးပြုတာများပါတယ်"
"လက်နှိပ်စက်က ဟိုစက်ကြီးပဲနော်"
"မှန်ပါတယ် အမိန့်တော်ရမင်း "
"စာအိတ်ပေါ်မှာ ဘာများ ရေးသလဲ"
"မစ္စက်မောရစ်ဆင် ဆိုတဲ့ စာလုံးပါပဲ"
"စာရေးစက္ကူကို နာမည်နဲ့ဟာကို သုံးသလား"
"သူသုံးနေကျ စာရေးစက္ကူပေါ်မှာ ရေးတာပါပဲ"
"အပေါ်က စာကိုတော့ (တိုက်ပ) နဲ့ ရိုက်တယ်နော်"
"ဟုတ်ကဲ့"
"ပြီးတော့မှ အောက်က လက်မှတ်ထိုးတယ်"
"မှန်ပါတယ်"
"ကိုင်းလေ... ဘယ်လိုလုပ်ပြီး ကြံစည်ကြမယ်ဆိုတာသာ ပြောတော့"
"နက်ဖြန်သွားခါနီးမှပဲ ပြောပရစေတော့ရှင်။ အားလုံးကို ကျွန်မ စီစဉ်ပြီးသားပါ။ အမိန့်တော်ရမင်းကသာ စာအိတ်ကြီးကို နေရာချင်း လဲထားရုံပါပဲ"
"ဒီလိုဖြင့်လဲ ပြီးပါရောဗျာ"
"နက်ဖြန်ညနော်"
"ဟုတ်ပါတယ်၊ ဪ... အမိန့်တော်ရမင်းလဲ ရထားပေါ်မှာ ကောင်းကောင်းအိပ်ရမယ် မဟုတ်ဘူး။ ခရီးပန်းလာပါတယ်။ ဒီတော့ အိပ်ရေးဝအောင် အိပ်လိုက်ပါဦးရှင်။ ကျွန်မတို့အိမ်မှာ ဘာမှ အားမနာပါနဲ့နော်"
"ကျေးဇူးတင်ပါတယ် မသန်းတင်"
"ကားကိုလည်း အမိန့်တော်ရမင်း သဘောအတိုင်း အသုံးပြုနိုင်ပါတယ်"
"နေရာမရှာပါနဲ့ မသန်းတင်၊ သွားစရာလဲ ကိစ္စအထူး မရှိလှပါဘူး"
နောက်တစ်နေ့၌ ရှေ့နေမောင်သန်းရွှေမှာ အလုပ်ရှုပ်လျက်ရှိလေ၏။ ပထမအရေးအကြီးဆုံးအချက်မှာ သေသူ မစ္စတာ မောရစ်ဆင်၏ လက်မှတ်ကို တူအောင် ရေးကူးရမည်ဖြစ်ရာ မသန်းတင်ပေးသော မစ္စတာမောရစ်ဆင်၏ လက်မှတ်များပါသည့် ဖိုင်တွဲမှ စာရွက်များကို တစ်ခုစီဖြုတ်ပြီးလျှင် လက်မှတ်များကို မှန်ဘီလူးဖြင့် သေချာစွာ ကြည့်ရှု၏။ ၄င်းနောက် မစ္စတာမောရစ်ဆင်ကိုယ်တိုင် ရေးထိုးခဲ့သော လက်မှတ်များအနက် မိမိကြိုက်နှစ်သက်ရာ တစ်ခုကို ရွေးချယ်ပြီးသော် 'ဂရပ်' (Graph) ခေါ် ကွက်စိပ်မျဉ်းများချ၍ ဓာတ်ပုံရိုက်ကူးပြီးလျှင် ပုံကြီးချဲ့ယူ၏။ ထိုအခါ လက်မှတ်ပုံစံသည် အတော်ပင် ထင်ရှားလာ၍ လက်မှန်ရေးထိုးသူ၏ ဆွဲပုံ၊ ငင်ပုံ လက်အနေအထားနှင့် ကလောင်သိမ်းပုံတို့ကို ခန့်မှန်းနိုင်၍လာ၏။ ထိုအခါ မိမိကိုယ်တိုင် မစ္စတာမောရစ်ဆင်၏ လက်မှတ်ပုံတူရေးထိုး၍ ယခင်ကနည်းအတိုင်း ပုံကြီးချဲ့၍ ကြည့်ပြန်၏။ ဤကဲ့သို့ နှစ်ကြိမ် သုံးကြိမ်မျှ ရေးထူးစမ်းသပ်ပြီးသော် မောင်သန်းရွှေမှာ လက်ရေးအလှရေးခြင်း၊ ပုံတူရေးဆွဲခြင်းများတွင် ကျင်လည်ပြီးသည့်အတိုင်း သေသူ မစ္စတာမောရစ်ဆင်၏ လက်မှတ်နှင့် တသဝေမတိမ်းအောင် ရေးထိုးနိုင်ကြောင်း တွေ့ရှိရသောအခါ မောရစ်ဆင်၏ စာရွက်ပေါ်တွင် မိမိကိုယ်တိုင် အကြမ်းစီကုံး၍ထားသော သေတမ်းစာကို လက်နှိပ်စက်ဖြင့် ရိုက်ယူလေ၏။
၎င်းသေတမ်းစာပေါ်၌ကား မစ္စတာမောရစ်ဆင်သည် မိမိကိုယ်ပိုင် ပစ္စည်းများအနက် မန်ချက်စတာဘဏ်တိုက်တွင် အပ်နှံထားရှိသော ငွေ၁၀၀၀၀ ကျပ် နှင့် ၄င်းမြို့ရှိ ၇၀၀၀ကျပ်ခန့် တန် တိုက်ကိုသာ မန်ချက်စတာမြို့နေ မစ္စက် မောရစ်ဆင်ကို ပေးခဲ့ကြောင်း၊ ကျန် မြန်မာနိုင်ငံရှိ နေအိမ်၊ တိုက်တာအိမ်ရာ အဆောက်အဦးများနှင့်တကွ စာတိုက်တွင် စုဆောင်းထားသည့် ငွေ ၁၃၀၀၀ကျပ်တို့ကို မည်သူတစ်ဦးတစ်ယောက်ကမျှ တိုက်တွန်းနိုးဆော်သွေးဆောင်ခြင်း မရှိဘဲ မိမိ၏ စိတ်ဆန္ဒအတိုင်း မသန်းတင်အား ပေးခဲ့ကြောင်း ရေးသားပြီးသော် အောက်၌ မစ္စတာမောရစ်ဆင်၏ လက်မှတ်နှင့် တကွ သက်သေများ၏ လက်မှတ်ကိုပါ ရေးထိုးပြီးစီးလေ၏။ မောင်သန်းရွှေ အတုရေးထိုးသော လက်မှတ်များမှာ သာမန်လူတို့ပင် မဆိုထားဘိဦး လက်ရေးနှင့် လက်မှတ်အရာတွင် ကျွမ်းကျင်သော အရာရှိများပင် ရုတ်တရက်ခွဲခြားရန် ခဲယဉ်းလှပေ၏။ ၄င်းနောက် ထိုသေတမ်းစာအတုကို မစ္စတာမောရစ်ဆင် ပြုလုပ်ခဲ့သော နည်းအတိုင်း စာအိတ်အပြာကြီးထဲ၌ သွင်းပြီးသော် လုံခြုံစွာပိတ်၍ ချိပ်တံဆိပ် ထိုးနှိပ်ကာ အဆင်သင့်ထားလေ၏။ စာအိတ်ပေါ်တွင်လည်း မစ္စတာမောရစ်ဆင်၏ လက်ရေးကို အတုခိုး၍ 'မစ္စက် မောရစ်ဆင်' ဟု ရေးလေသည်။
ဤကဲ့သို့ အသင့်ပြင်ဆင်ကြပြီးသော် အချိန်ကိုသာ စောင့်ဆိုင်းလျက် ရှိကြကုန်၏။
"လုပ်ဖို့ အစီအစဉ်ကတော့ ဒီလိုကိုး အမိန့်တော်ရမင်းရဲ့။ ၇နာရီ ထိုးကို ကျွန်မတို့ ကားနဲ့သွားကြရမယ်။ ရောက်တဲ့အခါ အမိန့်တော်ရမင်း က ကားပေါ်မှာနေရစ်ပြီး ကားက တော်တော်လှမ်းတဲ့နေရာကို မောင်းသွားလိမ့်မယ်။ ၉နာရီ ၁၅မိနစ်မှာ ကျွန်မပြထားတဲ့နေရာ ခြံထောင့်ကနေပြီး အိမ်ဘေးတံခါးကဝင်၊ အိမ်အောက်ကို ရောက်တော့ နောက်ဖေးအဆောင်ကို သွားတဲ့ အလယ်လမ်းကြီး တွေ့လိမ့်မယ်။ ဒီလမ်းကြီးအတိုင်း နောက်ဖေးဘက်ကို တည့်တည့်လျှောက် အလယ် လက်ယာဘက်ကအခန်းလွတ် တွေ့လိမ့်မယ်။ ဒီအခန်းလွတ်ထဲမှာ အမိန့်တော်ရမင်း က စောင့်ပြီးနေရမယ်"
"စောင့်နေပြီ ဆိုပါတော့"
"စောင့်နေပြီး အခန်းထဲမှာ အိမ်ဘေးကိုဖွင့်သွားတဲ့ တံခါးတစ်ခုတွေ့ပါလိမ့်မယ်ရှင်။ ဒီတံခါး အသာဖွင့်ပြီးစောင့်နေ ၁၀နာရီလောက်မှာ တံခါးနှင့်တည့်တည့် အိမ်ပေါ်က ပြတင်းပေါက်က သော့ကလေးတစ်ချောင်း ကျလာလိမ့်မယ်ရှင့်။ ဒီသော့ဟာ မီးခံသေတ္တာဖွင့်တဲ့ သော့ပဲ"
"နားလည်ပါပြီ။ နို့ မီးခံသေတ္တာက ဘယ်အခန်းမှာ ထားသလဲ"
"လက်ဝဲဘက်အခန်းထဲမှာရှင့်။ အခန်းကို သော့ခတ်ပြီး မထားပါဘူး။ စေ့ရုံသာစေ့ထားတာကို တွေ့ရပါလိမ့်မယ်။ မီးအာမခံသေတ္တာကြီးက အီတလီနိုင်ငံလုပ် သော့ကို အပေါက်နဲ့တည့်တည့်ထိုးပြီး လက်ယာဘက်ကို ၃ခါလှည့်၊ လက်ဝဲဘက်ကို ၂ခါ ပြန်တွန်း၊ ပွင့်သွားပါလိမ့်မယ်"
"နားလည်ပါပြီ မသန်းတင်"
"ကျွန်မ စိတ်အထင်ဖြင့် ဖွင့်ဖွင့်ချင်းအပေါ်ထပ်မှာ တွေ့ပါလိမ့်မယ်၊ နေသားတကျ လဲပြီးထားခဲ့ရုံပဲ"
"ကောင်းပါပြီ မသန်းတင်၊ ပြီးတော့ ဘယ်မှာ တွေ့ကြမလဲ"
"ရှင့်ကိစ္စပြီးရင် လာတဲ့လမ်းအတိုင်း ပြန်ထွက်လာခဲ့ရုံပေါ့ရှင့်။ ဒီတော့ ကားပေါ်မှာ တွေ့ကြမှာပေါ။ ကျွန်မ အားနာတာတစ်ခုကတော့ အမိန့်တော်ရကြီးရဲ့ ဂုဏ်ကို ထောက်ပြီး ဒီလိုမဟုတ်တဲ့အလုပ် မဟုတ်တဲ့ နေရာမှာ အကူအညီ တောင်းရတာ။ အင်မတန် အားနာပါတယ်ရှင်"
"ဒါကတော့ အမှုကို အစကအဆုံးတိုင် ဒီလိုလုပ်ပြီး ဆောင်ရွက်ပေးပါ့မယ်ဖို့ ပထမက ကတိရှိခဲ့ပေတာကိုး မသန်းတင်ရဲ့။ ကျုပ်တာဝန်ကို ကျုပ် ရဲရဲကြီး ဆောင်ရွက်ဖို့ပေါ။ ပြီးတော့ အားနာတယ်ဆိုတဲ့ အလုပ်က ကျုပ်ကိုပေးပြီးထားတဲ့ငွေ ရှိပြီကော"
"ခုမှဖြင့် ဒီလိုပဲ သဘောထားပါတော့ အမိန့်တော်ရမင်းရှင်။ ပြီးတော့လဲ ဒီကိစ္စမှာ မဟုတ်တဲ့ လူတစ်ယောက်ကို ခိုင်းစေမယ်ဆိုရင်လဲ ဖြစ်နိုင်ပါရဲ့။ နို့ပေမယ့် ကျွန်မကိစ္စက မဟုတ်တဲ့လူတစ်ယောက်ကို အသိပေးဝံ့တဲ့ကိစ္စ မဟုတ်ပေဘူးရှင့်။ ဪ... တစ်ခုပြောရဦးမယ်။ အိမ်ပေါ်ထပ်မှာ ဘယ်လိုပဲ ကျွန်မအသံတွေ ကြားကြား၊ တကယ်လို့ ဘယ်လိုပဲ ရုန်းကန်အော်ဟစ်တဲ့အသံတွေ ကြားကြား၊ အမိန့်တော်ရမင်း ဟာ ဘယ်နည်းနှင့်မျှ အိမ်ပေါ်ကို မတက်လာရဘူးနော်"
"ကောင်းပါပြီ"
"ပြီးတော့လဲ ကျွန်မနဲ့ဝတ်လုံကြီး မစ္စတာအောဘတ်နဲ့ အိမ်ပေါ်မှာ ဘယ်လိုဖြစ်ပျက်နေတဲ့အကြောင်းကိုလဲ ကျွန်မတို့ အကြံအစည် ထမြောက်သည်နှင့် တစ်ပြိုင်နက် အမိန့်တော်ရမင်းရဲ့စိတ်ထဲက တစ်ခါတည်း ထုတ်ပစ်လိုက်ရမယ်။ တစ်ခါတည်း မေ့ပစ်လိုက်ရမယ်"
"သိပါပြီ"
ရှေ့နေမောင်သန်းရွှေမှာ ယခင်အထက်က မိမိကိုယ်တိုင် စွမ်းဆောင်ခဲ့သော ကိစ္စများတွင် အတော်ပင် ခဲခဲယဉ်းယဉ်း ဆောင်ရွက်ခဲ့ဖူးသည် မှန်သော်လည်း ယခုကိစ္စကဲ့သို့ စွန့်စွန့်စားစား ပြုလုပ်ခဲ့ဖူးသည် မဟုတ်ချေ။ ထို့ပြင်လည်း ယခုပြုလုပ်ရန်ကိစ္စမှာ ဂုဏ်သရေရှိ လူကြီး၊ လူကောင်းတို့ အိပ်မက်မျှပင် မမက်ဝံ့သော အလုပ်ဖြစ်၏။ မင်းပြစ်၊ မင်းဒဏ် မကင်းသောအလုပ်တစ်ခုဖြစ်သည့်ပြင် ခိုးကြောင် ခိုးဝှက် လုပ်ရမည့်အလုပ်လည်းဖြစ်၍ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏။ သို့သော် တခြားတစ်ဘက်မှကြည့်လျှင် မသန်းတင် စီစဉ်ထားသည့်အတိုင်း သံသေတ္တာကို သော့နှင့် အဆင်သင့်ဖွင့်၍ စာချုပ်ချင်းလဲယူရန် အချိန်မှာ အလွန်ဆုံး ၅မိနစ်ခန့်သာ ကြာပေလိမ့်မည်။ ထို ၅မိနစ်ခန့် အချိန်မျှနှင့် ငွေ၅၀၀၀ ကျပ် ရမည့်အလုပ်မှာ စွန့်စားထိုက်သော အလုပ်ဟု မှတ်ယူ၏။ နဂိုကလည်း စွန့်စွန့်စားစားလုပ်ရန် ဝါသနာပါ၏။ ကာယကံရှင်နှင့် မိမိနှစ်ယောက်တည်းသာ သိမည့်အလုပ်ဖြစ်၍ စိုးရိမ်ရန်လည်း အကြောင်းမရှိချေ။ ထို့ပြင် မိမိတို့အတုလုပ်၍ ထားရှိမည်ဖြစ်သော စာအိတ်ကိုဖွင့်သောအခါ၌လည်း မည်သူမျှ အတုလုပ်သည်ကို သိမည်မဟုတ်ဟု အထူးစိတ်ချယုံကြည်၏။ ဝတ်လုံကြီး မစ္စတာအောဘတ် ကိုယ်တိုင်ပင်လျှင် စာအိတ်ကိုလည်းကောင်း၊ အတွင်းမှ စာရွက်ကို လည်းကောင်း၊ မစ္စတာမောရစ်ဆင်၏ လက်မှန်ကို လည်းကောင်း၊ အပေါ်ဖုံးချိပ်တံဆိပ်ကိုလည်းကောင်း၊ မည်သည့်နည်းနှင့်မျှ သင်္ကာမကင်း ရှိမည်မဟုတ်ချေ။ ထိုအကြောင်းများကို စဉ်းစားလိုက်ပြန်သောအခါ အမြန်ကိစ္စပြီးစီးအောင် ဆောင်ရွက်ရန်ကို ပိုင်းဖြတ်လိုက်လေ၏။
မသန်းတင်မှာ သေတမ်းစာအတုကို လုပ်ကိုင်ပြီးစီးသည်နှင့် တစ်ပြိုင်နက် မောင်သန်းရွှေ၏ လက်ထဲသို့ ငွေ၁၀၀၀ကျပ် ကို ထည့်လေရာ ကျန်ငွေ ၃၀၀၀ ကျပ်မှာ မစ္စတာအောဘတ်၏ သံသေတ္တာထဲမှ စာအိတ်အစစ်ကို ထုတ်ယူရရှိခဲ့ပြီးနောက် လက်ငင်းပေးချေရန် ဖြစ်လေသည်။ ညနေ ၆နာရီ ထိုးလတ်သော် မောင်သန်းရွှေ မှာ ဘောင်းဘီတို၊ ကုတ်အင်္ကျီ၊ သက္ကလပ်ဦးထုပ်၊ ရွက်ထည်ဖိနပ် စသည်တို့ကို လဲလှယ်လျက် အခြားအသုံးလိုမည့်ပစ္စည်းများကို ယူငင်ပြီးလျှင် စိတ်အားထက်သန်စွာ ပြင်ဆင်လျက်ရှိလေရာ မသန်းတင်မှာမူကား အလွန်နုလှသော ကာလပေါ်အစားတို့ဖြင့် လူတစ်ဘက်သားစိတ်ကို ယိုဖိတ်ညွတ်နူးလောက်အောင် အပျိုကလေးတမျှ လှပစွာ ဖီးလိမ်းပြင်ဆင်လျက်ရှိ၏။
ကားပေါ်သို့ တက်ခါနီး၌ မောင်သန်းရွှေလည်း မိမိထက်ပင် စွန့်စားကြံစည်ဝံ့သော မစ္စက်မောရစ်ဆင် ခေါ် ဘိုကတော်ကလေး မသန်းတင်အား စိတ်ထဲမှ ချီးမွမ်းလျက်-
"ကိုယ့်တာဝန်တော့ ကိုယ်ရုန်းကြမှပဲနော် မသန်းတင်"
အနည်းငယ် ရှက်ကြောက်ဟန်နှင့်-
"ဒါပေါ့ရှင်၊ ဪ... ဒါနဲ့ ကျွန်မပြောတာ တစ်ခုတော့ သတိထားပါနော်။ အိမ်ပေါ်က ကျွန်မအသံ ဘာသံပဲကြားကြား ဘယ်နည်းနဲ့မှ အိမ်အောက်ကနေပြီး အသံမပြုဖို့ အိမ်ပေါ်တက်လာဖို့ မကြံပါနဲ့နော်"
"နားလည်ပါပြီ မသန်းတင် ၊ပြီးတော့ အိမ်အဝင်မှာ နောက်ဖေးက ဒရဝမ်ကုလားတွေ..."
"ဒီဟာ ကျွန်မ အားလုံး စီစဉ်ပြီးသားရှင့်"
"ဒါဖြင့် ကောင်းပြီ"
"ကျွန်မ မှာတာတွေ အားလုံး နေရာတကျ နားလည်ပြီနော်"
"စိတ်သာချ မသန်းတင် "
"ကိုင်း... ဒါဖြင့် ကားပေါ် တက်ပေတော့"
မကြာမီ ဆီဒင်းကားကလေးသည် ကျယ်ဝန်းသော ဝတ်လုံကြီး မစ္စတာအောဘတ်၏ ခြံရှေ့သို့ဆိုက်ရောက်၍ ဝင်းတံခါးမှ ဝင်သွားလေရာ မသန်းတင်လည်း မောင်သန်းရွှေ၏ နားနားသို့ ကပ်၍ မီးထွန်း၍မထားသော ခြံထောင့်တစ်ထောင့်ကို ပြ၍ ထိုအပေါက်မှ ဝင်ပြီးလျှင် အိမ်ဘေးတံခါးကို ဖွင့်ပြီးနောက် အိမ်အောက်ထပ်သို့ ဝင်ရန် သတိပေးလေ၏။ ကားရပ်သည်နှင့် တစ်ပြိုင်နက် မသန်းတင်သည် ငှက်မကလေးကဲ့သို့ လျင်မြန်ပေါ့ပါးစွာ ဆင်း၍ သွားပြီးလျှင် အပေါ်ထပ်သို့ တက်သွားလေ၏။ ကားသမားသည် လျင်မြန်စွာ ကွေ့၍ မောင်းထွက်သွား၏။ ထိုအချိန်၌ကား ဥရောပတိုက်သားနှစ်ယောက်နှင့် ဘိုမနှစ်ယောက် လက်တွဲ၍ ဝင်လာသည်ကို တွေ့ရ၏။ အစေခံတစ်ယောက်သည် အိမ်ပေါ်ထပ်မှ မီးအိမ်တစ်လုံးကိုဆွဲ၍ ဆင်းလာသည်ကို မြင်လိုက်ရ၏။ အိမ်ပေါ်ထပ်၌ကား ထိန်လင်းသော မီးရောင်များသည် အပြာနု ခန်းဆီးများကြားမှ ထိုးထွက်လျက်ရှိ၏။ သာယာသော စန္ဒရားသံများကိုလည်း ကြားရ၏။
ကားသမားသည် တစ်စုံတစ်ရာ မပြောဘဲ၊ ခရီးနှစ်ဖာလုံခန့် မောင်းသွားပြီးနောက် ပြန်၍ကွေ့လာပြီးလျှင် ခြံကြီး၏ ထောင့်တစ်ထောင့်၌ မောင်သန်းရွှေအား ချထားခဲ့လေ၏။
၉နာရီ ထိုးလတ်သော် ထမင်းစားဖိတ်သော ဧည့်သည်များသည် ကားများဖြင့် အသီးသီးပြန်သွားသည်ကို တွေ့ရ၏။ စန္ဒရားသံများလည်း ဆိတ်ငြိမ်၍သွားလေသည်။ ထိုအခါ မောင်သန်းရွှေလည်း မသန်းတင်၏ ညွှန်ကြားချက်အတိုင်း တစ်စုံတစ်ရာ အနှောင့်အယှက် မတွေ့ဘဲ အိမ်၏အောက်ထပ်သို့ ရောက်ခဲ့ပြီ။ အိမ်ပေါ်ထပ်၌ကား အတော်ပင် ဆိတ်ငြိမ်လျက်ရှိသည်ကို ကြားရ၏။ မိမိစောင့်ဆိုင်းနေရန် အခန်းတွင်းသို့ လက်နှိပ်ဓာတ်မီးဖြင့် ဝင်ခဲ့ရာ ထိုအခန်းသည် အိမ်ထောင်ပစ္စည်းဟောင်းများထားသော အခန်းဖြစ်ဟန် လက္ခဏာရှိ၍ အိမ်ဘေးသို့ ထွက်သောတံခါးကို ဖြည်းညင်းစွာ ဖွင့်ပြီးနောက် ကြိမ်ကုလားထိုင်ဟောင်းကြီး တစ်လုံးပေါ်တွင် စောင့်ဆိုင်းလျက်ရှိနေခဲ့လေ၏။ အတန်ကြာလတ်သော် အပေါ်ထပ်အခန်းတွင်းသို့ ဝင်လာသော ခြေသံများကို ကြားရပြီးနောက် စကားတီးတိုးပြောသံ ကြားရ၏။ တစ်ခါတစ်ခါ၌ ဘိုယောက်ျားတစ်ယောက်၏ ရယ်မောသံကိုလည်းကောင်း၊ မသန်းတင်၏ ရယ်မောသံကိလည်းကောင်း ကြားရ၏။ ထို့နောက် ဆိတ်ငြိမ်၍ သွားပြန်၏။
တစ်ခဏမျှ ကြာလတ်သော် ဆိတ်ငြိမ်သည်ထက် ဆိတ်ငြိမ်၍ သွားရာမှ အပေါ်ပြတင်းပေါက်ဆီမှ တစ်စုံတစ်ရာ မြေကြီးပေါ်သို့ ကျ၍လာလေရာ ၄င်းသည်ကား မသန်းတင်ပြောသည့်အတိုင်း သော့တစ်ချောင်းဖြစ်လေသည်။ ထိုသော့ကို ရသောအခါ မောင်သန်းရွှေသည် မည်ကဲ့သို့ ပြုလုပ်သည်ကိုကား ကျွန်ုပ်တို့ အထူးရေးသားတင်ပြရန် မလိုတော့ပေ၊ မိနစ်အနည်းငယ် အတွင်း၌ပင် စာချုပ်ချင်း လဲလှယ်ပြီးစီးခဲ့လေပြီ။ ၄င်းနောက် မောင်သန်းရွှေလည်း မသန်းတင် ပြောသည့်အတိုင်း သော့ကို သေတ္တာကြီး အနီးရှိ စားပွဲပေါ်တွင်တင်၍ ထားခဲ့ပြီးနောက် အိမ်ရှေ့ခန်းဆီသို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် အိမ်ပေါ်ထပ်အခန်း ဆီမှ မသန်းတင်၏ အသံဖြင့် "ဟင်အင့်...ဟင်အင့်... ဒီဟာတော့...အို...ကျွန်မ အော်လိုက်ရင် တစ်ခါတည်း ဒုက္ခ ရောက်သွားမယ်နော်။ အို... ကြည့်ပါလား" ဟု အတော်ပင် ကျယ်လောင်စွာ ပြောဆိုသံများကိုလည်းကောင်း၊ ရုန်းကန်သံများကိုလည်းကောင်း ကြားရသည်နှင့် အပေါ်ထပ်သို့ ပြေးတက်ပြီးလျှင် ဝတ်လုံ မစ္စတာအောဘတ်အား ထိုးကြိတ်လိုသော စိတ်များ ဖြစ်ပေါ်လာ၏။ သို့သော် မသန်းတင် အထပ်ထပ် ပြောဆို မှာကြားသော စကားများကို သတိရသဖြင့် လာလမ်းအတိုင်း လျင်မြန်စွာ ပြန်ထွက်ခဲ့ရာ မှောင်မိုက်သောခြံ၏ ထောင့်တစ်ထောင့်တွင် အသင့်စောင့်ဆိုင်းလျက် ရှိနေသော ကားကို တွေ့ရလေ၏။
ကားပေါ်သို့ မောင်သန်းရွှေ ရောက်သည်နှင့် တစ်ပြိုင်နက် ကားမောင်းသမားသည် လျင်မြန်စွာ လှည့်၍ အိမ်ရှေ့လမ်းမဘက်မှနေ၍ ခြံထဲသို့ဝင်ခဲ့ပြီးသော် အိမ်ရှေ့တည့်တည့်သို့ ရောက်သောအခါ 'ဟွန်း' ကို ကျယ်လောင်စွာ နှိပ်လေ၏။ ထိုခဏ၌ အိမ်ပေါ်ထပ်မှ မသန်းတင်သည် ဆင်းလာရာ ကားအနီးသို့ထိအောင် မစ္စတာအောဘတ်သည် လိုက်၍ ပို့၏။ ၄င်းနောက် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကြပြီးသော် ကားကလေးသည် အရှိန်ပြင်းစွာနှင့် ကွေ့ပြီးနောက် မောင်းထွက်သွားလေ၏။ အိမ်ရှေ့လမ်းမပေါ်သို့ ရောက်သောအခါ မသန်းတင်သည် အတန်ငယ် ပြေကျလျက်သော ဆံပင်များကို ပြင်၍ပတ်ပြီးနောက်
"ခုမှပဲ စိတ်အေးပြီး သွားရတော့တာပဲ။ အမိန့်တော်ရမင်း အားလုံး နေရာကျခဲ့ရဲ့လား"
ဟု လေသံဖြင့် ကပ်၍ ပြောလေ၏။
"ကျခဲ့ပါပြီ" ဟု မောင်သန်းရွှေ က နားနားသို့ကပ်၍ ပြောလိုက်၏။
အိမ်သို့ ရောက်ကြသောအခါ ၁၀နာရီ ခွဲဖြစ်၍ မသန်းတင်လည်း အဝတ်အစားများ လဲလှယ်ပြီးလျှင် အခန်းထဲမှ ထွက်လာပြီးနောက်
"ဪ... ဒါနဲ့ သော့ကိုကော၊ ကျွန်မ ပြောတဲ့နေရာမှာ ထားခဲ့ရဲ့နော်"
"သေသေချာချာ ထားခဲ့ ပါတယ် မသန်းတင် "
"အမိန့်တော်ရမင်း ကို ငွေပေးရပေမယ့် ပေးရတယ်လို့ ကျွန်မ သဘောမထားပါဘူးရှင်။ မောင်ရင်းဘွားရင်းလို သဘောထားပြီး ကျေးဇူးလဲ အများကြီးတင်ပါတယ်။ အမိန့်တော်ရမင်း ရဲ့ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခြင်းများကိုလည်း အများကြီး ချီးမွမ်းမိပါတယ်"
"မသန်းတင်ရဲ့ စွန့်စားခြင်းကိုလည်း ပြန်ပြီး ချီးမွမ်းပရစေဦး"
"ဒီဟာကတော့ လောဘပေကိုး အမိန့်တော်ရမင်း၊ ကျွန်မ စွန့်စားခဲ့တာလဲ ငွေအတွက်ပဲရှင့်။ အမိန့်တော်ရမင်း ဒီလို ဆောင်ရွက်တယ်ဆိုတာလဲ ငွေအတွက်ပဲ မဟုတ်လား"
"မှန်ပေတယ် မသန်းတင် "
"ကိုင်း... စာအိတ်ကြီး ဘယ်မှာလဲ၊ ဖွင့်ကြရအောင်ရှင် "
"ကျွန်မဖြင့် ကြည့်ချင်လှပါပြီ၊ ဪ... ဒါနဲ့ အမိန့်တော်ရမင်း အတွက် ကျန်ငွေကို ကျွန်မ ပေးရလိမ့်ဦးမယ်"
ပြုံးလျက်-
"ရော့... ပတ္တမြား၊ ရော့... နဂါးပဲ မသန်းတင်ရေ"
"မှန်ပါတယ်၊ မှန်ပါတယ်၊ မင်းမှာသစ္စာ လူမှာကတိပေကိုးရှင့်"
ငွေစက္ကူ ၃၀၀၀ ကျပ် ဖိုးကို မောင်သန်းရွှေ၏ လက်ထဲသို့ ထည့်ပြီးနောက်
"ကိုင်း... ဖွင့်ကြပါစို့ရှင်။ ကျွန်မတော့ ကြည့်ချင်လှပြီ"
"စိတ်ချပါ၊ ကျွန်တော်တို့က မြတ်ပြီးသားပါ၊ မန်ချက်စတာဘဏ်တိုက်မှာ သွင်းထားတဲ့ငွေ ၁၀၀၀၀ကျပ်ရော၊ အိမ်ရော၊ မြန်မာနိုင်ငံမှာရှိတဲ့ ပစ္စည်းတစ်ဝက်ရော၊ မသန်းတင် ပြောပုံ အလိုထောက်တော့ ဘိလပ်မှာရှိတဲ့ သူ့မယားကြီးကို ဧကန္တ ပေးပြီးသားပဲ။ အခုတော့ ဆေးသေစိတ်ချပါတော့ဗျာ"
"ဒါပေါ့ရှင့်၊ ပြီးတော့လဲ ကျွန်မတို့ ရေးထားတာက မန်ချက်စတာဘဏ်တိုက်မှာ ရှိတဲ့ ငွေ ၁၀၀၀၀ကျပ်နဲ့ သူ့မယားကြီး လက်ရှိနေတဲ့ ၇၀၀၀ကျပ်တန် တိုက်ကို ဘိလပ်မှာရှိတဲ့ သူ့မယားကြီးကို ပေးခဲ့တယ်ဆိုတော့ ကျွန်မတို့အပေါ် ဘယ်သူက မယုံသင်္ကာရှိဦးမှာလဲ"
"ကျုပ်တို့က ဘာလုပ်လုပ် အကြံပိုင်မှ ကြိုက်တာကလား၊ မလုပ်လိုက်နဲ့ လုပ်ရင် ဆေးသေမှ"
"ကျွန်မကလဲ ဒီလိုမှ ကြိုက်တယ်ရှင့်။ ကိုင်း... ဖွင့်ကြပါစို့ရှင်"
မသန်းတင်သည် မောင်သန်းရွှေ၏ စာအိတ်ကိုဖွင့်သော အချိန်၌ လောဘရမ္မက်၏ အရှိန်ဖြင့်လည်းကောင်း၊ လူတို့မည်သည် တစ်စုံတစ်ရာ အရေးကြီးသော အရာဝတ္ထုတစ်ခုခုကို ဖွင့်လှစ်ကြည့်ရှုရမည် ဖြစ်သောအခါ တုန်လှုပ်ချောက်ချားမြဲ ဖြစ်သည့်အတိုင်း တဆတ်ဆတ် တုန်လျက်ရှိ၏။ သွေးကောင်းလှသော မောင်သန်းရွှေ ပင်လျှင် တုန်ချိသောလက်များဖြင့် စာအိတ်ကြီးကို ဖောက်လေ၏။
နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ ကြည့်ကြရာ မောင်သန်းရွှေလည်း စာကို ဖတ်ပြီးသည့်အဆုံး၌ ပါးစပ်ကို ဟလျက်ရှိလေ၏။
"မသန်းတင်တော့ ကောင်းကောင်းကြီး အထင်လွဲပြီ"
"ဘာပြုလို့လဲရှင်"
"ပစ္စည်းအားလုံးနှင့်တကွ မန်ချက်စတာဘဏ်တိုက်မှာ ထားတဲ့ ငွေ၁၀၀၀၀ကျပ် ကိုပါ မသန်းတင်ကို ပေးခဲ့တယ် ဆိုပါကလား။ တိုက်ကိုသာ သူ့မယားကြီးကို ပေးခဲ့တယ်"
အံ့အားသင့်လျက်-
"ဟိုက်... တစ်ခါဖြင့် ငွေကုန်ကျိုး မနပ်တော့ပါကလားရှင်"
ခေါင်းငုံ့လျက် -
"အင်း... ဒီလိုပေါ့လေ၊ မသန်းတင်က အစကတည်းက အကဲခပ် လွဲပေတာကိုးဗျ"
မောင်သန်းရွှေ မှာ မျက်နှာပူလွန်းလှသည်ဖြစ်၍ နောက်တစ်နေ့ နံနက်စောစောပင် ကားကလေးတစ်စီးကို ငှါး၍ ရန်ကုန်မှ ပြန်ခဲ့လေတော့၏။